When I Grow Up

ငယ်ငယ်တုန်းက အမြဲတမ်းမေးခံခဲ့ရတဲ့ မေးခွန်းက “ကြီးလာရင် ဘာဖြစ်ချင်လဲ” ဆိုတာပဲ။ သူငယ်တန်းစတက်တဲ့နေ့ကတည်းက မေးခံခဲ့ရတာ မှတ်မှတ်ရရ ကိုးတန်းလောက်အထိလည်း အမေးခံရတုန်း။ ကိုယ့်ရဲ့အဖြေတွေကလည်း မေးရင်မေးသလောက် ပြောင်းလဲနေတတ်တယ်၊ တစ်ခုတည်းကိုပဲ ဒါပဲဖြစ်ကိုဖြစ်ရမယ်ဆိုတာမျိုး မရှိခဲ့ဘူး။ သူငယ်တန်းတုန်းကတော့ ဆရာဝန်ဖြစ်ချင်တယ်လို့ ဖြေခဲ့တယ်။ မှတ်မိသလောက်ကတော့ သူငယ်တန်းတုန်းက သူငယ်ချင်းတွေ ဆယ်ယောက်ရှိရင် ကိုးယောက်လောက်က ဆရာဝန်ဖြစ်ချင်ခဲ့ကြတာပဲ။ အတန်းထဲပတ်ပြီး “ဘာဖြစ်ချင်လဲ” နဲ့ “ပါဝါရိန်းဂျား ဘာရောင်ကြိုက်လဲ” မေးရင် လူတိုင်း အဖြေက များသောအားဖြင့် တစ်ခုတည်း၊ “ဆရာဝန်” နဲ့ “အနီကောင်”။

ဆရာဝန်မဖြစ်နိုင်ဘူးဆိုတာကို စသိခဲ့တာက သုံးတန်းမှာ။ ကိုယ်တက်ခဲ့တဲ့ မူလတန်းကျောင်းက ဆေးရုံနဲ့ ကပ်လျက်၊ သုံးတန်းအခန်းက နှစ်လွှာကျောင်းဆောင်ရဲ့ အပေါ်ထပ်မှာရှိတာ။ နယ်ဘက်မှာ ၂၀၀၉ ပတ်ဝန်းကျင်လောက်က ခွဲစိတ်ခန်းတွေ လုံလုံခြုံခြုံ သပ်သပ်ရပ်ရပ် မရှိခဲ့တာဖြစ်တဲ့အတွက် တစ်နေ့ ဝရံတာကနေ ရင်ခွဲရုံခွဲစိတ်တာတစ်ခုကို မြင်လိုက်တယ်ဆိုပါတော့။ အဲ့မတိုင်ခင်က လူသေတွေကို ခွဲရတယ်ဆိုတာကို မသိခဲ့သလို၊ ဆရာဝန်တွေကခွဲရတယ်ဆိုတာကို ပိုပြီးမသိခဲ့ဘူး။ သိသိချင်းမှာတော်တော်လေးလန့်သွားတယ်။ အဲ့ကတည်းက ဆရာဝန်လုပ်ဖို့ဆိုတဲ့ အတွေးကို ခေါင်းထဲမထည့်တော့ဘူး။

အဲ့လိုနဲ့ ဆယ်တန်းရောက်တော့ မေးခွန်းက ပုံစံပြောင်းသွားတယ်၊ “ဘာဖြစ်ချင်လဲ” မဟုတ်တော့ဘူး “ဘာကျောင်းတက်မှာလဲ” ဖြစ်သွားတယ်။ ဆရာဝန်လုံးဝလုပ်မှာ မဟုတ်ဘူးလို့ စိတ်ဆုံးဖြတ်ထားတဲ့အတွက် ဆေးကျောင်းတက်ဖို့လုံးဝ မစဥ်းစားခဲ့သလို လင်္ကာရည်ကျော် ဝတ္ထုတွေဖတ်ပြီးနောက်လည်း စိတ်ကူးမယဥ်ခဲ့ဘူး။ ကိုယ်စိတ်ဝင်စားမိတဲ့ နည်းပညာတွေနောက်လိုက်ဖို့ ကိုယ်အားကျရတဲ့သူတွေတက်ခဲ့တဲ့ ကွန်ပျူတာနည်းပညာကျောင်းတစ်ခုကိုတက်ဖို့ စိတ်ဆုံးဖြတ်ခဲ့တယ်။ အဆောင်စဝင်တော့ ဖြည့်ရတဲ့ဖောင်တစ်ခုမှာ ဘယ်တက္ကသိုလ်တက်ဖို့ ရည်ရွယ်ထားလဲ ဆိုတဲ့ မေးခွန်းတစ်ခုပါတယ်။ ရန်ကုန်ကွန်ပျူတာတက္ကသိုလ် လို့ဖြည့်ခဲ့တယ်။ ဒါပေမယ့် ဆယ်တန်းအောင်ပြီးနောက်မှာ ဆေးကျောင်းမတက်လို့ စိတ်တိုင်းမကျတဲ့ မိဘအတွက်ရော၊ အိမ်နဲ့ ပိုနီးတဲ့အတွက်ရော သတင်းအချက်အလက်နည်းပညာတက္ကသိုလ် ကိုပဲတက်ဖို့ ဆုံးဖြတ်ခဲ့တယ်။ သင်ရိုးတူတဲ့ ကျောင်းတွေဖြစ်တာကြောင့် ပြဿနာမရှိခဲ့ပါဘူး။

တက္ကသိုလ်တက်ပြီးနောက်မှာတော့ အသက်ကြီးလာလို့ထင်ပါတယ် “ကြီးလာရင် -” ဆိုတဲ့မေးခွန်းမျိုးတွေ ထပ်မကြုံရတော့ဘူး။ မေးခွန်းက အသွင်ပြောင်းပြီး “ဘာမေဂျာယူထားလဲ”၊ “ဘယ်မေဂျာယူမှာလဲ” ဆိုတာမျိုးဖြစ်သွားတယ် ထင်ပါတယ်။ မေဂျာရွေးပြီးသွားရင်ကော ဘယ်လိုမျိုး ထပ်မေးကြဦးမယ်မသိဘူး။ နောက်ဆိုရင် intern ဘယ်မှာဆင်းမှာလဲ၊ ဘယ်မှာ အလုပ်လုပ်မှာလဲ ဆိုတာမျိုးတွေပါ မေးကြလိမ့်မယ်ထင်တယ်။

တကယ်တော့ မေးခွန်းတွေအမျိုးမျိုးနဲ့ လှည့်ပတ်မေးနေကြပေမယ့် သိချင်ကြတာကတော့ တစ်ခုတည်းလို့ ထင်တယ်။ ကိုယ်မသေခင်ဘာလုပ်သွားချင်လဲ ဆိုတာ။ နည်းလမ်းမျိုးစုံနဲ့ ဖြေနေကြတာဖြစ်ပေမယ့် တကယ့်ရည်ရွယ်ချက်က ကိုယ်မထွက်ခွာသွားရခင် ဘယ်လိုနေထိုင်သွားချင်လဲ၊ ဒါမှမဟုတ် ကိုယ်နေထိုင်သွားချင်တဲ့ဘဝကို ရောက်အောင် ဘယ်လိုသွားမလဲ ဆိုတာပဲလေ။ အဲ့လိုစဉ်းစားကြည့်တော့ “ကိုယ်ဘာဖြစ်ချင်သလဲ” ဆိုတဲ့ မေးခွန်းကတော်တော်ဖြေရလွယ်သွားတယ်။ ချမ်းချမ်းသာသာနေခဲ့ရသူမဟုတ်တော့ သူဌေးအရမ်းဖြစ်ချင်တယ်။ ဒါဆို သူဌေးဖြစ်ဖို့ကအဓိကလားဆိုတော့ အဲ့လိုလည်းမဟုတ်ဘူး။ ချမ်းသာချင်တယ်ဆိုတာက အမျိုးမျိုးသောမေးခွန်းတွေလိုပဲ၊ အဓိကရည်မှန်းချက်မဟုတ်ဘူး ကြားထဲက အဆင့်တစ်ဆင့်သက်သက်ပဲ။ ကိုယ်မသေခင် နေထိုင်သွားချင်တဲ့ ဘဝပုံစံဆိုတာက သပ်သပ်ရှိပြီး သူကမှ အဓိကရည်မှန်းချက် အစစ်။ ကိုယ်နှစ်သက်တဲ့၊ ကိုယ်နေထိုင်သွားချင်တဲ့ဘဝပုံစံကိုတော့ ကဗျာဆန်ဆန်၊စာမှန်မှန် မရေးတတ်တော့ ရေးမပြတော့ဘူး။ တကယ်တော့ “ကြီးလာရင် ဘာဖြစ်ချင်လဲ” ဆိုတာ bucket list ထဲက ပထမဦးစားပေး item တစ်ခုသက်သက်ပဲလေ။